ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းရဲ့ အကျိုးကျေးဇူးများ
မျက်နှာကို ရေနွေးငွေ့နဲ့ ပေါင်းတင်တာဟာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ရှေးနှစ်ပေါင်းများစွာတည်းက အမျိုးသမီးတွေဟာ မျက်နှာကို ရေနွေးငွေ့နဲ့ ပေါင်းတင်ပြီး သန့်စင်တာကို လုပ်ဆောင်လေ့ရှိကြပါတယ်။
အခုခေတ်မှာတော့ ရေနွေးနွေ့သီးသန့်ထုတ်စက်တွေ အဆင်သင့်ဝယ်သုံးလို့ ရသလို ချွေးထုတ်ခန်းယဥ်ကျေးမှုတွေလည်း ခေတ်စားလာပါပြီ။
ရေနွေးငွေ့နဲ့ ပေါင်းတင်တယ်ဆိုတာ ဘာလဲ?
ရေနွေးငွေ့နဲ့ ပေါင်းတင်တာဟာ ရေနွေးအငွေ့အမှုန်လေးတွေကို သုံးပြီး အရေပြားမွေးညင်းပေါက်လေးတွေထဲက အညစ်အကြေးတွေကို သန့်စင်အောင် လုပ်တာပါပဲ။ ရေနွေးတည်လို့ ရရုံနဲ့ နေရာမရွေး၊ အချိန်မရွေးလည်း လုပ်လို့ရပါတယ်။
ဘာအကျိုးကျေးဇူးတွေ ရသလဲ?
(1) သွေးလှည့်ပတ်မှု ကောင်းစေတယ်
ရေနွေးငွေးနဲ့ ပေါင်းတင်တာက အရေပြားရဲ့ သွေးလှည်ပတ်မှုကို ကောင်းစေသလို အောက်ဆီဂျင်နဲ့ အာဟာရတွေကို စုပ်ယူမှုလည်း အားကောင်းစေလို့ ကျန်းမာပြီး တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။
(2) ချွေးပေါက်တွေကို သန့်စင်ပေးတယ်
ရေနွေးငွေ့ပေါင်းတင်ခြင်းဖြင့် ချွေးပေါက်တွေထဲမှာ ပိတ်နေတဲ့ ဆဲလ်သေတွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ဝက်ခြံမပေါက်အောင် ကာကွယ်ပေးပါတယ်။
(3) အရေပြားရဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်
ဆဲလ်သေတွေ စုပုံလာတဲ့အခါ အရေပြားက ကြမ်းတမ်းပြီး အိုမင်းရင့်ရော်တဲ့ပုံ ပေါက်လာတတ်ပါတယ်။ ရေနွေးငွေ့က ဆဲလ်သေအစုအပုံတွေကို ပျော့ပြောင်းပြီး ကွာကျသွားစေတာမို့ ဆဲလ်အသစ်တွေနဲ့ နုပျိုလာစေမှာပါ။
(4) မလိုအပ်တဲ့ အဆီတွေကိုဖယ်ရှားပေးတယ်
Sebum လို့ခေါ်တဲ့ သဘာဝအလျောက် ထွက်တဲ့အဆီတွေ ချွေးပေါက်တွေထဲမှာ ပိတ်မနေအောင်လည်း ရေနွေးငွေ့က လုပ်ဆောင်ပေးပါတယ်။
(5) အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
ရေနွေးငွေ့နဲ့ ပေါင်းတင်လို့ ချွေးထွက်တာက အရေပြားမှာ ရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အထောက်အကူပြုပါတယ်။
(6) ရေဓာတ်ဖြည့်ပေးတယ်
အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့ညိုမဲခြင်းကင်းကာ စိုပြေစေပါတယ်။
(7) Skin care တွေကို စုပ်ယူမှု အားကောင်းစေတယ်
သွေးလှည့်ပတ်မှုကို ကောင်းစေတဲ့အတွက် ရေနွေးငွေ့နဲ့ ပေါင်းတင်ပြီးမှ သုံးလိုက်တဲ့ skin care တွေကို စုပ်ယူမှု ပိုမိုကောင်းစေပါတယ်။
ဘယ်လို ပေါင်းတင်မလဲ?
မျက်နှာကို သန့်ရှင်းရေးလုပ်ပါ။ ရေ လေးငါးခွက်ခန့်ကို ဆူအောင်တည်ပြီး ချထားပါ။ လာဗင်ဒါဆီလိုမျိုး essential oil တစ်ခုခု ထည့်လို့လည်း ရပါတယ်။ ခွက်ရဲ့အထက် ၅-၁၀ လက်မခန့် အကွာမှာ မျက်နှာကို ထားပြီး ရေနွေးငွေ့ခံပါ။ ၁၀-၁၅ မိနစ်ခန့် လုပ်ရင် လုံလောက်ပါတယ်။
ရေနွေးငွေ့ထုတ်စက်သုံးရင်လည်း အထက်ပါနည်းအတိုင်း ရေနွေးခွက်နေရာမှာ စက်ကိုထားပြီး လုပ်ရပါမယ်။
နောက်တစ်နည်းကတော့ တဘက်တစ်ထည်ကို ရေနွေးထဲမှာနှစ်ပြီး အပူချိန်ခံနိုင်လောက်တဲ့ အနေအထားရောက်ရင် မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့် အုပ်ထားပေးတာပါ။
ဘာတွေ သတိထားရမလဲ?
အပူချိန်ကို သတိထားရပါမယ်။ အရမ်းပူလွန်းရင် အရေပြားလောင်နိုင်ပါတယ်။ အကွားအဝေးကိုလည်း အရမ်းမနီးလွန်းဖို့ သတိထားပါ။
ရေနွေးငွေ့နဲ့ ပေါင်းတင်ပြီးရင် toner နဲ့ moisturizer မပျက်မကွက် လိမ်းပေးဖို့လည်း မမေ့ပါနဲ့။ မဟုတ်ရင် ချွေးပေါက် ကျယ်လာနိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်